သာယာလှပ ရှမ်းပြည်အလှကိုဖော်ထုတ်နိုင်ရန် blog အတွက်လိုအပ်သော ဓာတ်ပုံ၊ ဆောင်းပါ၊ ဗဟုသုတ၊ ကဗျာ၊ စာပေနှင့် ရှမ်းပြည်အလှအပများကိုဖော်ကျူးလိုသော အချက်အလက်များအား masterghost2012@gmail.com ဆက်သွယ်ပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်ပါတယ်...

Sunday, May 13, 2012

ရှမ်းခေါက်ဆွဲ ( ဆန်ဖွယ်ရေဖျော်)


ဆန်ခေါက်ဆွဲကို တချို့နယ်တွေက ရှမ်းခေါက်ဆွဲလို့ခေါ်တယ်။ အဖွယ် နဲ့ အစီး ဆိုပြီး ၂ မျိုးရှိတဲ့အထဲက ဆန်ဖွယ်ဖတ်ကတော့ နေရာတိုင်းမှာ ၀ယ်လို့ရနိုင်ပေမဲ့၊ ဆန်စီးဖတ်ကတော့ ပြည်ပမှာ ၀ယ်လို့မလွယ်တာ အမှန်ဘဲ။ နောက် ဆန်စီးဖတ်ကလဲ ဒေသအလိုက် ကောင်းတဲ့ ဆန်စီး ဖတ်ဆိုတာ နာမည်ကျော်သေးတာ။ ဥပမာ ကချင်ပြည်နယ် နမ့်မား ခေါက်ဆွဲဖတ်ကတော့ အတော်ကောင်းတယ်။
အဖတ်ကောင်းတော့ စားရတာလဲ အရသာရှိသပေါ့။ တနယ်နဲ့ တနယ် ခေါက်ဆွဲချက်ပုံခြင်းက တူတာမဟုတ်ဘူး။ ဒါကတော့ ချက်ကြီးတို့ ချက်တဲ့နည်းပေါ့။ စားကောင်းပါတယ်။ မိုးကုတ်ဘက်က ချက်နည်း ဆန်ဆန်ပေါ့။



တရုပ်တန်းမှာ ပဲရွက်လေး ( ပဲလိပ်ပြာရွက်) ၀ယ်လို့ရတယ် ဆိုရင်တော့ ကောင်းတာပေါ့။ နောက် ၀က်ခေါက်လေးလဲ ကြိုက်ရင် ထည့်စားလို့ရတယ်။ နောက် ဒီမှာက ရှမ်းမုန်ညှင်းချဉ် ၀ယ်လို့မရတော့ ကိုးရီးယား ကင်မ်ချီကို ( မုန်လာဥပင်ပေါက် ကို ချဉ်ထားတဲ့ ကင်မ်ချီ) ထည့်စားလို့ရပါတယ်။ ဒါမှ မဟုတ်ရင်တော့ ဂေါ်ဖီကို ပါးပါးလေးလှီးပြီး ရှလကာရည်လေးနဲ့ တညစိမ်ထားရင် နောက်နေ့ ခေါက်ဆွဲနဲ့ စားလို့ရပါတယ်။ အိမ်မှာကတော့ ရှလကာရည် ငရုပ်သီးစိမ်းလေး ရှိတဲ့အတွက် အချဉ်ကို သိပ်ခေါင်းစားမနေတော့ပါဘူး။ ကင်မ်ချီ မရှိလဲ စားလို့ ကောင်းတာပါဘဲ။

ပါဝင်တဲ့ အမျိုးအစားတွေကတော့ 
၁၊ ဆန်ခေါက်ဆွဲဖတ်
၂၊ ကြက်သား ( ကြက်မာသားက ပိုကောင်းပါတယ်)
၃၊ နှမ်းလှော်ထောင်း
၎၊ မြေပဲလှော်ထောင်း
၅၊ မုန်ညှင်းချဉ်
၆၊ ရှလကာရည် ငရုပ်သီးစိမ်း
ရ၊ နံနံပင် ပါးပါးလှီး
၈၊ ကြက်သွန်မြိတ် ပါးပါးလှီး
၉၊ ဆီချက် ( ကြက်သွန်ဖြူ)
၁၀၊ ပဲငံပြာရည် ( ကြာညှိ့အချို)
၁၁၊ ငရုပ်ကောင်း
၁၂၊ ခရမ်းချဉ်သီး ၄ လုံး
- ပထမဦးဆုံး ကြက်သားကို အရိုးအသားနွှာပြီး အရိုးကို ဆား အနည်းငယ်ထည့်ပြီး ပြုတ်ထား။ 
ကြက်သွန်ဖြူနီ ကို ထောင်း၊ ကြက်သားကို အနေတော် အတုံးအသေးများလှီးပြီး ဆား၊ နနွင်းအနည်းငယ် နဲ့ နည်ထားပါ။ နောက် လှီးထားတဲ့ ခရမ်းချဉ်သီး ၄ လုံးနဲ့အတူ ကြက်သားကို ချက်လိုက်ပါ။ ချက်တဲ့အချိန်မှာ အရသာ မြည်းပြီး အငံအပေါ့ လိုသလိုထည့်ပါ။ ကြက်သားချက်ထဲကို တရုပ်မဆလာ အနည်းငယ် ထည့်ချက်ပေးပါ။ 
- ကြက်သွန်မြိတ် နံနံပင် တို့ကို ပါးပါးလှီးထားပါ။ ငရုပ်သီး အကြမ်းထောင်းကို ပန်ကန်းလုံးထဲမှာ ထည့်ထားပြီး ဒယ်အိုးထဲမှာ လိုသလောက် ဆီအနည်းငယ်ကို ထည့်ပြီး ဆီပူပေးပါ။ ဆီကျတ်လာပြီဆိုရင်တော့ အခုနက ပန်းကန်ထဲက ငရုပ်သီး အကြမ်းထောင်းပေါ်ကို လောင်းချလိုက်ပါ။ ဆားအနည်းငယ်ထည့်ပေးပါ။ ဒါဆို ငရုပ်သီးဆီ ( chili oil) ကိုရပြီပေါ့။ ပန်းကန်လုံးထဲက ငရုပ်သီးအကြမ်းထောင်းက ဆီပူကြောင့် ကျတ်သွားပြီး အိမ်မှာ ငရုပ်သီးညှော်နံ့လဲ မရတော့ဘူးပေါ့။
- ဆန်ခေါက်ဆွဲဖတ်ကို ရေနွေးနွေးလေးနဲ့ ဇလုံတခုထဲ စိမ်ထားပါ။ အဲ့ဒီနောက်မှာတော့ ဇကာနဲ့ ခေါက်ဆွဲဖတ်ကို ရေစစ်ထားပေးပါ။ ဒါဆိုရင် ခေါက်ဆွဲဖတ်က မပျော့မမာ အနေအထားနဲ့ ပွဲပြင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

- လိုသလောက် ခေါက်ဆွဲဖတ်ကို ဆွဲယူပြီး ဇကာဇွန်းထဲမှာ ထည့်၊ ပွက်ပွက်ဆူနေတဲ့ ဟင်းရည်အိုးထဲမှာ ပဲရွက် နဲ့ အတူ နှစ်ချလိုက်ပါ။ ၂ ခါ ၃ ခါလောက် ဆယ်လိုက် နှစ်လိုက်လုပ်တဲ့အခါ ခေါက်ဆွဲဖတ်လေးတွေ ပျော့ပြောင်းလာပါလိမ့်မယ်။ ဒါဆို အဆင်သင့်ချထားတဲ့ ပန်းကန်လုံးထဲ့ ဒီအထဲကို ကြက်သားချက် တဇွန်း၊ မြေပဲမှုန့်၊ နှမ်းလှော်၊ ငရုပ်ကောင်းအနည်းငယ်၊ ဆီချက် နဲ့ ဟင်းရည်နဲ့ ဖျော်ထားတဲ့ ပဲငံပြာရည် အချို တဇွန်း ထည့်ပေးပါ။ အရည်နဲ့ကြိုက်ရင်တော့ ဟင်းချိုရည် ထပ်ထည့် ၊ အသုတ်ဆိုရင်တော့ အရည်ထပ်ထည့်စရာမလိုဘူးပေါ့။ နောက် နံနံပင်နဲ့ ကြက်သွန်မြိတ် နဲနဲ ထပ်ဖြူးပြီးရင် စားလို့ရပြီ။ အစပ်ကတော့ ကြိုက်ရင်လဲ ထည့်စားပေါ့။
စားလို့မြိန်ပါစေနော်။

No comments:

Post a Comment