သာယာလှပ ရှမ်းပြည်အလှကိုဖော်ထုတ်နိုင်ရန် blog အတွက်လိုအပ်သော ဓာတ်ပုံ၊ ဆောင်းပါ၊ ဗဟုသုတ၊ ကဗျာ၊ စာပေနှင့် ရှမ်းပြည်အလှအပများကိုဖော်ကျူးလိုသော အချက်အလက်များအား masterghost2012@gmail.com ဆက်သွယ်ပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်ပါတယ်...

Tuesday, May 8, 2012

တန်ဆောင်တိုင်အား အမှတ်ရစေ၇န်ပြန်လည်ကူးယူဖော်ပြပါသည်

၂ဝ၁ဝ တောင်ကြီးတန်ဆောင်တိုင်


သူငယ်ချင်းတစ်ယောက် ပေးပို့လာတဲ့ ၂ဝ၁ဝ တောင်ကြီးတန်ဆောင်တိုင်ရဲ့ နေ့လွတ်၊ ညလွတ် မီးပုံးပျံလေးတွေပါ။ မျှဝေပါတယ်....

ကြိုတင်ရင်ခုန်ချင်ပါသည်


http://www.meeponepyan.com မှ ပုံများဖြစ်ပါသည်

နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်မဟာဘုံကထိန် လှည့်လည်ပူဇော်ပွဲနှင့် မီးပုံးပျံပြိုင်ပွဲကို တောင်ကြီးမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်။ မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၄ရက်နေ့မှ နိုဝင်ဘာ ၂၁ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုပေးပွဲနှင့် ကွင်းပိတ်ပွဲကို နိုဝင်ဘာ ၂၂ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သိရှိရသည်။

မဟာဘုံကထိန် လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာ ၂၁ရက်နေ့(အဖိတ်နေ့)တွင် ကျင်းပမည်ဖြစ်ပြီး ပဒေသာပင်များကို မြို့လည်ဓမ္မာရုံသို့ ပို့ဆောင်သွားမည်ဟု သတင်းရရှိပါသည်။

***တောင်ကြီးတန်ဆောင်တိုင်ကို ကြိုတင်ရင်ခုန်ချင်သူများအတွက် ၂ဝ၁ဝခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကို up to date တင်ဆက်မည့် http://www.meeponepyan.comမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။



“မိုင်ဆွမ်ခ”


“မိုင်ဆွမ်ခ” လို့ ပထမဦးဆုံး နှုတ်ဆက်လိုက်ပါတယ်။ တကယ်တော့ ဒီပို့စ်ကို ကျွန်မရေးချင်နေတာ တန်ဆောင်တိုင်ပွဲပြီးလို့ ဒီပွဲအတွက် ပွဲစင်တွေ ထပ်ပြန်ဆောက်တဲ့ အချိန်ကတည်းကပါ။ ဒီပွဲက ကျောင်းပိတ်ရက်နဲ့ မကြုံတော့ နေ့ခင်းဖက်တွေမှာ ဓာတ်ပုံတွေ သွားရိုက်ဖို့ အချိန်မရှိခဲ့ဘူး။ ညရိုက်တဲ့ ပုံတွေက ကင်မရာ အညံ့စားလေးကြောင့် မကြည်မလင်ဖြစ်နေပါတယ်။ အကောင်းဆုံးပုံတွေ ရွေးပြီး တင်လိုက်ပါတယ်။

ရေးချင်ဇောနဲ့မို့ ဘာပွဲလဲဆိုတာ ပြောဖို့မေ့သွားတယ်။ တာချီလိတ်မြို့မှာ ၂၆ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပတဲ့ ရှမ်းတိုင်းရင်းသား လူမျိုးတို့ရဲ့ ရိုးရာနှစ်သစ်ကူး ပွဲတော်... “ရှမ်းနှစ်သစ်ကူး ပွဲတော်” အကြောင်းလေးပါ။ ၂၆ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပတယ်ဆိုပေမယ့် ၂၂ ရက်နေ့ကတည်းက ပွဲဈေးစခင်းနေပါပြီ။ ဒီညတော့ စားသောက်ဖို့ လက်မှတ်ဝယ်ထားတယ်ဆိုလို့ ကျောင်းအဆင်းမှာ အစ်မတို့ မိသားစုနဲ့ လိုက်သွားဖြစ်တယ်။ စားသောက်တဲ့နေရာ စတိတ်စင်ရှေ့ကို သွားဖို့ လူတွေကို အတင်းတိုးဝှေ့ခဲ့ရပါတယ်။ တန်ဆောင်တိုင်ပွဲတုန်းက ၃ပုံ ၂ပုံလောက်သာ ပွဲဆိုင်ခန်းတွေနဲ့ ပြည့်ခဲ့တဲ့ ကွင်းပြင်ကြီးဟာ ရှမ်းနှစ်သစ်ကူးပွဲမှာတော့ ကွင်းအပြည့် လျှံထွက်လို့နေပါတယ်။ ပွဲဈေးတစ်ခုလုံး ကြက်ပျံမကျ စည်ကားနေပါတယ်။

ည ၈နာရီကျော် ကျွန်မတို့ရောက်တော့ ပွဲက စနေပါပြီ။ ရိုးရာဝတ်စုံနဲ့ ရှမ်းပျိုဖြူလေးတွေ စတိတ်စင်ပေါ်မှာ ညီညီညာညာ ကနေပါပြီ။ စင်အောက်က ပွဲကြည့်ပရိသတ်တွေလည်း စားသောက်နေကြပါပြီ။ ကျွန်မတို့ ရောက်တဲ့အချိန်မှာ ရှမ်းအမျိုးအနွယ်တွေကို မိတ်ဆက်နေတဲ့ အချိန်ဖြစ်နေတယ်။ ရှမ်းလူမျိုးတွေမှာ လူမျိုးပေါင်း ၃၂ မျိုးရှိပြီး အခုဒီပွဲမှာ ပတ်ဝန်းကျင် အနီးအနားမှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုး ၁၈မျိုးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ၁၈မျိုးတွေထဲမှာ သိန္ဒီရှမ်း၊ သီပေါရှမ်း၊ ရှမ်းကြီး၊ ရှမ်းနီ၊ အင်းရှမ်း၊ ထိုင်းရှမ်း... စတာတွေပါဝင်ပြီး မြန်မာပြည် အနှံ့ ပြန့်နှံ့နေထိုင်ကြောင်း နေရာဒေသနဲ့တကွ ရှင်းပြသွားခဲ့ပါတယ်။ ကျွန်မ အရောက်နောက်ကျလို့ သေချာ နားမထောင်လိုက်ရပါဘူး။

ရှမ်းပြည်မှာအနှစ် ၃ဝကျော် နေလာခဲ့တဲ့ ကျွန်မအတွက် ဒီလိုရှမ်းနှစ်သစ်ကူးပွဲကို ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်တဲ့အတွက် အရာရာဟာ ဆန်းသစ်နေပါတယ်။ ရှမ်းဝတ်စုံ ပုံစံမျိုးစုံဝတ်ထားတဲ့ ရှမ်းမလေးတွေ၊ ရှမ်းကလေးတွေ ကွင်းတစ်ခုလုံး ပြည့်နေပါတယ်။ သူတို့ရဲ့ ဝတ်စုံတွေက အရမ်းကို လှပါတယ်။ ရှမ်းမလေးတွေ ချောတယ်၊ လှတယ်ဆိုတာကို ကျွန်မမျက်ဝါးထင်းထင်း တွေ့မြင်ခဲ့ရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ (ရှမ်းကလေးတွေလည်း ချောကြတယ် .. ဟီး)

ကွင်းတစ်ခုလုံး “မိုင်ဆွမ်ခ... မိုင်ဆွမ်ခ” ဆိုတဲ့အသံနဲ့အတူ ဖန်ခွက်ချင်းထိသံ၊ ပျော်ရွှင်ရယ်မောသံတွေအပြင် ....

အင်္ကျီတွေမှာ
လွယ်အိတ်တွေမှာ
လက်ကိုင်အလံလေးတွေမှာ

ရင်ထိုးမှာ

ရှမ်းအိုးစည်မှာ

ပွဲခင်းတစ်ခုလုံးမှာ ရှမ်းအလံတွေနဲ့ ရှမ်းလူမျိုးတွေက
သူတို့ရဲ့နှစ်သစ်ကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ပျော်ပျော်ပါးပါး ကြိုဆိုနေခဲ့ကြပါတယ်

ပွဲခင်းထဲမှာ ရောင်းနေတဲ့ ရှမ်းထမိန်အဆင်တစ်ချို့

ဒီလိုရာသီ၊ ဒီလိုပွဲတော်ရောက်ရင် လူတွေ သူ့ကို ပိုသတိရကြပါတယ်။ သူမရှိတော့ပေမယ့် လူတိုင်းရဲ့၊ ရှမ်းတိုင်းရင်းသားတိုင်းရဲ့ ရင်ထဲ၊ အသဲထဲမှာ သူ.... ရှင်သန်နေဆဲပါ

အားလုံး မိုင်ဆွမ်ခ... ရှမ်းနှစ်သစ်ကူးပွဲနဲ့အတူ ပျော်ရွှင်နိုင်ကြပါစေ



တောင်ကြီးတန်ဆောင်တိုင် LIVE လွှင့်မည်



အိုးစည်သံနဲ့အတူ ချယ်ရီတွေ ယိမ်းကမယ့် ဒီပွဲတော်လေး တစ်နှစ်တစ်ခါဆိုသလို အချိန်မှန်မှန်နဲ့ ရောက်လာခဲ့ပြန်ပါပြီ။
ကမ္ဘာအနှံ့ ရှမ်းအိုးစည်သံတွေ လွှင့်ပျံ့ခဲ့တဲ့ မနှစ်က ဒီလိုအချိန် ဒီလိုရာသီကို အားလုံး အမှတ်ရနေကြအုန်းမယ် ထင်ပါတယ်။ အဝေးရောက် တောင်ပေါ်သားတွေ အိုးစည်သံကို တမ်းတနေသလား? ချယ်ရီရနံ့ကို လွမ်းမောနေပြီလား? ကောင်းကင်ပေါ် ဝဲပျံတက်သွားတဲ့ မီးပုံးပျံတွေကို မျက်စိတစ်စုံ လိုက်ငေးမကြည့်ခဲ့ရတာ ကြာမြင့်ခဲ့ပြီလား? ပွဲဈေးတန်းက ငါးထမင်းချဉ်၊ ဟင်းထုပ်၊ ကောက်ညှင်းကျည်ထောက်.... စတဲ့ ဒေသစာတွေကို မစားရချင်နေ ကြည့်ရရင် တော်ပြီလို့ တောင့်တနေမလား? တောင်ကြီး တန်ဆောင်တိုင်ပွဲကို တစ်ခါမှ မရောက်ဖူးဘူး၊ ဒီနှစ်လည်း မသွားဖြစ်ပြန်ဘူးလို့ ညည်းတွားနေသလား?

မပူပါနဲ့... လူကိုယ်တိုင် ရောက်သွားသလို ခံစားရအောင် “တောင်ကြီးချယ်ရီမြေ” အဖွဲ့သားတွေက Studio35နဲ့ ပူးပေါင်းပြီး
ဒီနှစ်တန်ဆောင်တိုင် မီးပုံးပျံပွဲကို အဝေးရောက် လွမ်းမောနေကြသူတွေအတွက် မနှစ်ကလိုပဲ အွန်လိုင်းကနေ LIVE တိုက်ရိုက်ပြသနိုင်အောင် စီစဉ်နေကြပါပြီ။ အခမဲ့ အပင်ပန်းခံပြီး ပြသပေးတဲ့ တောင်ကြီးချယ်ရီမြေ ဝိုင်းတော်သားတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ် ပြုနိုင်အောင် ကိုယ့်ဖက်က အဆင်သင့်ကြည့်ဖို့ လုပ်ထားပေးကြပါလို့ သတင်းကောင်းပါး လိုက်ပါတယ်။

Sunday, September 21, 2008

တောင်ကြီးမြို့ ၁၁၄ နှစ်ပြည့်အထိမ်းအမှတ်


ညမီးကျီး


ကြော်ညာပါရစေ


mee pong pyan
P1080298

ကြော်ညာတာ ၀ါသနာပါလို့ ကြော်ညာပါရစေ။ တကယ်ဆို နီးမှ ကြော်ညာမယ်လို့ စိတ်ကူးထားတာ ခုတော့ တောင်ကြီးချယ်ရီမြေက မကြော်ကြော်ညာအောင် မြူဆွယ်နေတာနဲ့ ကြော်ညာဖြစ်သွားတယ်။ သီတင်းကျွတ် မီးထွန်းပွဲနောက်မှာ တန်ဆောင်တိုင် ကထိန်ပွဲက ဆက်လို့လာတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲဟာ တောင်ကြီးမြို့ရဲ့ ပွဲတကာ ပွဲထဲမှာ အစည်ကားဆုံးဆိုတာ လူတိုင်းလဲ သိပြီးကြမှာပါ။

တောင်ကြီးတန်ဆောင်တိုင်ပွဲကို နိုဝင်ဘာလ (၁၇)ရက်နေ့ကနေ (၂၄)ရက်နေ့ထိ မီးပုံပျံ အရွယ်အစား အမျိုးမျိုး၊ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့စည်ကား သိုက်မြိုက်စွာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

တောင်ကြီးတန်ဆောင်တိုင် စည်ကားတယ်ဆိုတာကို ကြားရုံပဲ ကြားဖူးပြီး လူကိုယ်တိုင် မရောက်ဖူးသူတွေ ဒီနှစ်ကံကောင်းပြီလို့ မှတ်ယူလိုက်ပါ။ အကြောင်းကတော့ တောင်ကြီးချယ်ရီမြေ ဘလော့ဂ်ကြောင့်ပါပဲ။ အဲဒီဘလော့ဂ်က ပွဲတော်ကျင်းပနေတဲ့ အချိန်အတောအတွင်း လူကိုယ်တိုင် သွားရောက် ကြည့်ရှူနေသလို ခံစားရအောင် သတင်းနဲ့ အပြေးညီ် ဓာတ်ပုံ၊ ဗွီဒီယိုဖိုင်လေးတွေနဲ့ လိုက်ဖ်(Live)နဲ့တောင် တင်ဆက်ဖို့ စီစဉ် ထားကြပါသတဲ့။

အခုလည်း (၁၇)နေ့မှာ ရောက်ရှိလာမဲ့ တောင်ကြီး တန်ဆောင်တိုင်
ကို ချယ်ရီမြေဘလော့ဂ်က ညီအစ်ကို မောင်နှမတွေ ရုပ်လုံးဖော်နေကြပါပြီ။ အစမ်းလွတ် မီးပုံးပျံတွေနဲ့ တစ်စ တစ်စ ပီပြင်လာတော့မဲ့ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အကြောင်းကို စိတ်ဝင်စားသူများ ဘလော့ဂ်ထဲ ၀င်ရောက် ကြည့်ရှူနိုင်ပါတယ်။ ကမ္ဘာ့အရပ်ရပ်က ဘလော့ဂါများ၊ စာဖတ်ပရိသတ်များ၊ မွေးရပ်မြေနဲ့ ခွဲနေကြရတဲ့ တောင်ကြီးသူ၊ တောင်ကြီးသားများကိုလည်း တောင်ကြီး တန်ဆောင်တိုင်နဲ့အတူ ၀င်နွှဲဖို့ တောင်ကြီး ချယ်ရီမြေနဲ့အတူ ဖိတ်မန္တကပြုပါတယ်။

ပွဲတော်ရက်တွေမှာ တောင်ကြီးချယ်ရီမြေ လိုက်ဖ် (live) တင်ဆက်နိုင်ဖို့အတွက် မီးမှန်ပါစေ၊ အင်တာနက် အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ခုတင်ထားတဲ့ ပုံတွေက ဒီနေ့ည အစမ်းလွတ်တဲ့ မီးပုံပျံပုံတွေပဲ ဖြစ်ပါတယ်။ တောင်ကြီး ချယ်ရီမြေကနေ ကူးယူဖော်ပြပါတယ်။ ဘလော့ဂါမျှဝေတဲ့ ဗွီဒီယိုဖိုင်ကို youtube ပေါ် ကျွန်မ တင်လိုက်ပါတယ်။ အစမ်းလွတ်တောင် တက်ကြွပျော်ရွှင်နေတဲ့ တောင်ကြီးသူ တောင်ကြီးသားတွေ တကယ့်ပွဲနေ့ကျရင် ဘယ်လိုနေမလဲ.. ကျွန်မ အိမ်ပြန်ချင်တယ်း(



ချယ်ရီမြေက မြို့လေးတစ်မြို့


တစ်နေ့က ညောင်ရွှေက မောင်ငယ်တစ်ယောက် လင့်ခ်တစ်ခု ပေးတော့ ခဏ ၀င်ကြည့်လိုက်သေးတယ်။ ဖောင့်တွေ မပေါ်တာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားလိုက်မိပေမယ့် ဘလော့ဂ်နာမည်ကိုတော့ အမှတ်ရနေတယ်။ ဘာလို့လဲဆိုတော့ တောင်ကြီးဆိုတဲ့ နာမည်ပါနေလို့ပါပဲ။ ဒီနေ့မှ ၀င်ပြီး သေချာ အစအဆုံး တ၀ကြီး ဖတ်လိုက်ပါတယ်။ အစွဲအလမ်း ကြီးတယ်ပဲ ပြောပြော၊ ကိုယ့်မြို့ ကိုယ့်ဌာနေကို သံယောဇဉ်ပိုတယ်ပဲ ဆိုဆို မပြန်ဖြစ်တဲ့ နှစ်တွေမှာ ဒီဘလော့ဂ်က ကျွန်မအတွက် အပ်ဒိတ် ပေါင်းကူးလေးပါ။ တောင်ပေါ်က တိုင်းရင်းသားတွေရဲ့ ရိုးရိုးသားသား ဓလေ့ထုံးစံအတိုင်း တောင်ကြီးမြို့ရဲ့ ဒီချယ်ရီမြေ ဘလော့ဂ်က ကျွန်မကို နွေးနွေးထွေးထွေး ကြိုဆိုနေပါတယ်။ တောင်ကြီးမြို့အပြင် နာမည်ကြီးတဲ့ တန်ဆောင်တိုင် ပွဲတော်အကြောင်း၊ စိတ်ဝင်စားစရာ အင်းလေးအကြောင်း တွေကိုလည်း ဓာတ်ပုံနှင့်တကွ ဝေေ၀ဆာဆာ မိတ်ဆက်ထားပါတယ်။ တစ်ချို့နေရာမှာ ဖောင့်တွေ သေချာ မပေါ်တာကလွဲလို့ ချမ်းအေးလှပတဲ့ တောင်ပေါ်က ချယ်ရီမြေအကြောင်း၊ တောင်အောက်က ကန်ရေပြာအကြောင်း၊ မြို့နဲ့ နီးစပ်ရာ ဒေသတွေရဲ့ ရိုးရာဓလေ့ကို စိတ်ဝင်စားသူများအတွက် ဘလော့ဂ်ကောင်းလေး တစ်ခုဖြစ်ကြောင်း ကြော်ငြာ လိုက်ပါတယ်။

map2


ကျွန်မ နှင့် မီးပုံးပျံ

.
ကျွန်မကို လူမျိုးစွဲ ရှိတယ်ပဲပြောပြော၊ ဒေသစွဲ ရှိတယ်ပဲပြောပြော တောင်ကြီး အကြောင်းဆိုရင် နေ့တောင်အကူး မခံနိုင်လောက်အောင် ကြွားချင်... အဲ ပြောချင်နေသူပါ။ တောင်ကြီးကဟေ့ ဆိုတာနဲ့ ရှည်ရှည်ဝေးဝေး စဉ်းစား မနေတော့ဘဲ ခင်ပစ်တတ်ကြပါတယ်။ ကျွန်မတင် မဟုတ်ပါဘူး။ တောင်ကြီးကလူတိုင်း ဒီလို ဖြစ်တတ်ပါတယ်။ လူမျိုးစွဲ၊ ဒေသစွဲ မဟုတ်ဘဲ အိမ်မှာ အတူနေတဲ့ မောင်နှမတွေ အပြင်မှာ လာတွေ့ကြတဲ့ ပုံစံမျိုးပါ။ တောင်ကြီးက လူတွေ စည်းလုံးကြောင်း ဟိုးအရင် မောင်မောင်သန်း ဆပ်ကပ် မီးရှို့ခံရတာကိုက ရာဇ၀င်လိုလို ပုံပြင်လိုလို သက်သေထူနေပါတယ်။ တခါက စတိတ်ရှိုး သွားကြည့်ဖူးတယ်။ တခြား အဆိုတော်တွေ တက်တော့ ဆင်းဆင်းဆိုပြီး အော်ကြတယ်။ စိုင်းထီးဆိုင်နဲ့ လေးဖြူဆိုရင် ငြိမ်နေကြပြန်ရော... ဒီလိုလုပ်တာ မကောင်းမှန်း သိပေမယ့် တောင်ကြီးကလူတွေ ဒေသစွဲ လူမျိုးစွဲ ရှိတယ်လို့ ပြောလိုက်ရင် လွန်မယ်မထင်ပါဘူး။ အောက်ပုံတွေက တန်ဆောင်တိုင်ပွဲက ပုံတွေပါ.. ဒီကနေ ကူးယူထားပါတယ်။ တခြားပုံတွေလဲ ရှိပါသေးတယ်။





တနှစ်ထက်တနှစ် အရည်အသွေးတွေနဲ့ အကောင်တွေ ပိုစုံလာပါတယ်။ ရှမ်းပြည်နယ်ရဲ့ အလံကို အကောင်တွေရဲ့ ကိုယ်ပေါ်မှာ တွေ့နိုင်ပါတယ်။


ဒါက မီးပုံးပျံ အပေါ်တက်နိုင်ဖို့ အရှို့ခံလိုက်ရမဲ့ မရှိမဖြစ် မီးစာပါ...



မီးပုံးပျံအောက်မှာ အလှချိတ်တဲ့ မီးတွေပါ..... ဖယောင်းတိုင်မီးခွက်နဲ့ လေထီးလေးတွေပါ။




အလှချိတ်မီးကို မီးပုံးပျံအောက်မှာ တွေ့နိုင်ပါတယ်။



ပဒေသာပင် လှည့်နေတာပါ။ သူတို့ရဲ့ ကိုယ်ပေါ်ကနေ ကျွန်မရဲ့ ကျောင်းနေတုန်း ဘ၀ကို ပြန်မြင်ယောင်မိ စေပါတယ်။

လှလှပပ တက်သွားတဲ့ မီးပုံးပျံတွေ၊ ထမ်းသွားတဲ့ ပဒေသာပင်တွေသာ ကျွန်မတို့ မြင်ကြရတာပါ။ အဲလို မီးပုံးပျံ အပေါ်ကိုတက်နိုင်ဖို့ သူတို့ ဘယ်လောက် အပင်ပန်း ခံခဲ့ရတယ်ဆိုတာ ကျွန်မတို့ မသိခဲ့ကြပါဘူး။ ကောင်းကင်ပေါ် မတက်ခင် မီးလောင်ခံခဲ့ရတဲ့ မီးပုံးပျံတွေ ဘယ်လောက်ရှိမလဲ....


ဟိုတုန်းက တန်ဆောင်တိုင်


အားလပ်တဲ့ တစ်ရက်မှာ အဆက်အသွယ် ပြတ်နေတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်း လင်မယားကို ဖုန်းဆက်ဖြစ်ခဲ့တယ်။ ချက်ရွန်း တစ်ခုမှာ သိခဲ့ကြတယ် ဆိုပေမယ့် တကယ်ခင်ခဲ့ကြတဲ့ သူတွေပါ။ တကယ်လည်း ခင်ဖို့ကောင်းတဲ့ အတွဲညီတဲ့ ဇနီးမောင်နှံ နှစ်ဦးပါပဲ။ သူတို့ နေတဲ့ အင်းလေး- ညောင်ရွှေဘက်မှာ ရေကြီးနေတဲ့ အကြောင်း၊ ရေတွေ ဒူးကျော်ကျော် မြုပ်လို့ ဘယ်မှမသွားနိုင်၊ မလာနိုင်တဲ့ အကြောင်း၊ ပုံတွေ ရိုက်ပြီး ထည့်ပေးမယ် ဆိုတဲ့ အကြောင်း အလာပ သလာပတွေ ပြောခဲ့ကြ တယ်။ ဖုန်းမချခင်မှာတော့ ပြောနေကျ စကားအတိုင်း ကျန်းမာရေး ဂရုစိုက်ဖို့၊ မြန်မာပြည် တစ်ခေါက် ပြန်လာဖို့ပါပဲ။ မယ်မီးရေ..... နောက်လ (၄)ရက်နေ့ တောင်ကြီး တန်ဆောင်တိုင် ပွဲစပြီနော်တဲ့ နောက်ဆုံး ပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်မ စိတ်တွေ အတိတ်ဆီကို ပြန်ရောက်အောင် တွန်းပို့ ပေးခဲ့တယ်။ ဖုန်းချပြီး မနှစ်က သူတို့ပို့ပေးတဲ့ ပုံတွေကို ကြည့်ရင်း ကျွန်မနဲ့အတူရှိခဲ့ဖူးတဲ့ တောင်ကြီးတန်ဆောင်တိုင်ကို လွမ်းမော တမ်းတမိတာ အမှန်ပါပဲ။

ချမ်းအေးတဲ့ တောင်ကြီးမြို့ရဲ့ (၁၂)ရာသီပွဲတော်ထဲမှာ တန်ဆောင်တိုင်ပွဲတော်ဟာ အစည်ကားဆုံး ဆိုရင် မမှားပါဘူး။ တခြား မြို့ရွာတွေမှာ ပြုလုပ်နေကျ ပွဲတော်အတိုင်း တောင်ကြီး တန်ဆောင်တိုင်ဟာလည်း ဇာတ်သဘင်၊ ချားရဟတ်၊ စတိတ်ရှိုး၊ အထူးအဆန်း ပြသမှုတွေနဲ့အတူ ကြက်ပျံမကျတဲ့ ပွဲဈေးတန်းတွေ ပါပါတယ်။ အထူးသဖြင့် ရိုးရာ အစားအစာ၊ မီးပုံးပျံ ပြိုင်ပွဲ၊ အလှ လွတ်ပွဲနဲ့ ပဒေသာပင် လှည့်တာတွေဟာ တောင်ကြီးတန်ဆောင်တိုင်ကို ပိုစည်ကားစေခဲ့တယ်။

အရင်က ပွဲဈေးတော်ကို မြို့လယ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း ပတ်ပတ်လည်မှာ ပြုလုပ်ခဲ့ပြီး ကွင်းထဲမှာတော့ မီးပုံးပျံတွေ လွတ်ခဲ့တယ်။ အ.ထ.က(၁)နဲ့ (၃)လမ်းတစ်လျောက်မှာတော့ မြို့ခံလူတွေ၊ အနယ်နယ် အရပ်ရပ်က လာကြတဲ့ ဧည့်သည်တွေနဲ့ တိုးလို့မပေါက်အောင် စည်ကားခဲ့တယ်။ မီးပုံးပျံ လွတ်တဲ့ ညအချိန်တွေ ဆိုရင် ပိုဆိုးတယ်။ ကျိတ်ကျိတ်တိုး ပါပဲ။ မီးပုံပျံကို နေ့ရော ညပါ လွတ်ကြတယ်။ နေ့မှာတော့ မီးပုံးပျံတွေကို အစုလိုက် အပြုံလိုက် လွတ်တတ်ကြတယ်။ ပုံစံမျိုးစုံပါပြီး အကောင်တွေက ပိုများခဲ့တယ်။ သူငယ်ချင်း ပို့လာတဲ့ ပုံကို ကြည့်ခြင်းအားဖြင့် တနှစ်ထက် တနှစ် အကောင်တွေက ပိုစုံလာတယ်။ အရောင်အသွေးတွေနဲ့ ပိုလည်းလှလာတယ်။ ညမှာ လွတ်တဲ့ မီးပုံးပျံတွေကတော့ ဘေးမှာ အလှမီးတွေ၊ မီးရှူး မီးပန်းတွေ၊ လေထီး သေးသေးလေးတွေ ထည့်လာတယ်။ အခုနောက်ပိုင်းမှာ ကြော်ငြာတွေပါ ထည့်လာကြတယ်။ လေထီးထဲမှာ ကံစမ်းမဲလည်း ပါတယ်လို့ ဆိုပါတယ်။ ဘေးမှာ မီးတွေပါတဲ့ ညလွတ်မီးပုံးပျံကို စိန်နားပန်လို့ ခေါ်ကြတယ်။ ပြိုင်ပွဲလုပ်တဲ့ မီးပုံးပျံတွေထဲမှာ ဟော်ကုန်း (ရပ်ကွက်) မီးဆိုရင် တော်တော် နာမည်ကြီးပါတယ်။

တန်ဆောင်တိုင်မှာ မပါမဖြစ်တာက ပဒေသာပင် လှည့်တာပါပဲ။ ပဒေသာပင်တွေ သီတဲ့နေရာမှာ တောင်ကြီးသားတွေရဲ့ လက်ရာဟာ ပြောင်မြှောက်လှပါတယ်။ ကျပ်တန်လေးတွေကို ခေါက်ပြီး လိုချင်တဲ့ပုံ သီကြတယ်။ တန်ဆောင်တိုင် လပြည့်နေ့မှာ ရပ်ကွက်အလိုက်၊ ကျောင်းအလိုက်၊ အတန်းအလိုက် ပဒေသာပင်တွေ ထမ်းပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်လျောက်လှည့်ကြတယ်။ ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျောင်း၊ ကိုယ့်အတန်းက ပဒေသာပင်တွေ ထမ်းပြီး အိုးစည် ဗုံမောင်းတွေတီးရင်း ကွေးနေအောင် ကကြတဲ့ အထဲမှာ ကျွန်မလည်း အပါအ၀င်ပါပဲ။ (ပုံတွေ တောင်ကြီးမှာ ကျန်ခဲ့လို့ မဖော်ပြနိုင်တဲ့ အတွက် ၀မ်းနည်းပါတယ်း) ယောက်ျားလေးတွေနဲ့ ရောပြီးပဒေသာပင် ကူထမ်းလိုက်၊ ၀ါးလက်ခုပ် တီးကူလိုက်နဲ့ မောတယ်ဆိုတာ မရှိခဲ့ပါဘူး။နောက်မှ အဲဒီ ပဒေသာပင်တွေကို ဆိုင်ရာဆိုင်ရာ ဘုန်းကြီးကျောင်းမှာ လှူခဲ့ကြတယ်။

မှတ်မိပါသေးတယ်။ ကျွန်မ အထက်တန်းတုန်းက ကျောင်းအလိုက်ပဒေသာပင် လှည့်ခဲ့ကြတဲ့နှစ်ကို မှတ်မိသေးတယ်။ အဲဒီနှစ်ဟာ ကျောင်းအလိုက် ပဒေသာပင် လှည့်ခွင့်ရတဲ့ နောက်ဆုံးနှစ်ပဲ ထင်ပါတယ်။ အဲဒီနှစ် ကျောင်းအလိုက် ပဒေသာပင် လှည့်မလို့ အတန်းအလိုက် ပဒေသာပင်တွေ ထမ်းထုတ်ကြတော့ တချို့ပဒေသာပင်တွေက ကျပ်တန်လေးတွေ ခေါက်ပြီး လှပအောင် သီထားတဲ့ ခွပ်ဒေါင်းပုံတွေ၊ မြန်မာပြည် မြေပုံ
ဘေးက သပိတ်ကို မှောက်ထားတဲ့ ပုံတွေ၊ ခမောက်ပုံတွေ၊ ဖွင့်ထားတဲ့ စာအုပ်ပေါ်မှာ ဓားထိုးထားတဲ့ ပုံတွေဟာ တောင်ကြီးသားတွေရဲ့ လက်ရာကို ပိုပီပြင်စေခဲ့တယ်။ ဒါပေမဲ့ အဲဒီပဒေသာပင်တွေကို ကျောင်းဝအထိပဲ ထမ်းထုတ်ခွင့် ရခဲ့တယ်။ ဘုရားပုံတော်ပါတဲ့ ပဒေသာပင်တွေသာ လှည့်ခွင့်ရပြီး ကျန်တဲ့ ပဒေသာပင်ကို ချက်ချင်း ဖျက်လိုက်ကြရတယ်။ အဲဒီနှစ်က တောင်ကြီးတက္ကသိုလ် ကျောင်းသားတွေရဲ့ ပဒေသာပင်လည်း မြို့ထဲအထိ လည်ခွင့် မရခဲ့ဘူး။ ကိုယ့်ကျောင်းဝင်းထဲမှာပဲ မစည်ကားစွာ လှည့်ခဲ့ကြရတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ကျောင်းအလိုက် လှည့်ခွင့် မရတော့ဘဲ ရပ်ကွက်နဲ့ ပေါင်းပြီးလှည့်ကြရတယ်။ ပဒေသာပင်တိုင်း ဘုရားနဲ့ပတ်သက်တဲ့ ပုံတွေကလွဲလို့ တခြားပုံတွေ မလုပ်ကြရတော့ပါဘူး။

နောက်တော့ ပွဲဈေးတန်းကို တောင်ကြီးမြို့ အ၀င် ရ.ပ.ခ ရှေ့မှာ ပြောင်းလုပ်ခဲ့ကြတယ်။ မြို့လယ်မှာ လုပ်သလောက် မစည်ကားခဲ့ပါဘူး။ အခုတော့ တောင်ကြီးတက္ကသိုလ်ဘက် ဂေါက်ကွင်းနားက စူဌာမုနိ ဘုရားနားမှာ လုပ်ကြတယ်။ တောင်ကြီးမြို့ကလည်း တနှစ်ထက် တနှစ် ပိုချမ်းလာလို့လား မသိဘူး။ ပွဲဈေးတန်းမှာ ဘီယာဆိုင်တွေ ပိုပို ပေါလာတယ်။ အကောင်စုံ မီးပုံးပျံတွေ လုပ်လာကြလို့လား မသိဘူး။ ပွဲဈေးတန်းမှာလည်း လေးကောင်၊ ခြောက်ကောင်၊ သုံးဆယ့်ခြောက်ကောင် အကောင်မျိုးစုံတွေ ပိုများလာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ရိုးရာဓလေ့၊ ရိုးရာ အစားအစာတွေ၊ မီးပုံးပျံတွေနဲ့ တောင်ကြီး တန်ဆောင်တိုင်ဟာ အရောင်စုံပြီး ရှမ်းမလေး တစ်ယောက်လို့ လှသွေးကြွယ်နေဆဲပါပဲ။ အခွင့်အခါကြုံခဲ့ရင် တစ်ခေါက်တခါတော့ တောင်ကြီး တန်ဆောင်တိုင်ကို အရောက်သွားခဲ့ကြပါဦးလို့......။


အောက်မေ့မိတဲ့ သီတင်းကျွတ်

မနေ့ညကတည်းက တဖွဲဖွဲ ရွာနေတဲ့မိုး ဒီနေ့ ညနေရောက်တော့ တိတ်သွားတယ်။ မိုးတိတ်သွားမှပဲ ငွေရောင် အလင်းတန်းနဲ့ ရွင်ပျပြီး ၀ိုင်းစက်နေတဲ့ လမင်းကို တွေ့ရတော့တယ်။ သူငယ်ချင်းတွေရဲ့ ဘလော့ခ်ကို သွားကြည့်မိမှ အော်... သီတင်းကျွတ်ပြန်ပြီဆိုတာ သိလိုက်ရတယ်။ ဒီနှစ်ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ သီတင်းကျွတ်နဲ့ တရုတ်လမုန့် ကျွေးတဲ့ညက တစ်ညတည်း ဖြစ်နေတယ်။ သီတင်းကျွတ်နဲ့ မကြုံခဲ့တာ (၁၀)နှစ်တောင် ရှိနေပါ ပေါ့လား။ ကြည်လင် အေးမြနေတဲ့ လမင်းကို ငေးကြည့်ရင်း ဟိုး... တစ်ချိန် ကျွန်မငယ်ဘ၀ ရွာက သီတင်းကျွတ် လပြည့်ညတွေကို ကျွန်မ ပြန်အောက်မေ့မိတယ်။

ကျွန်မတို့ရွာဟာ တောင်ကြီးနဲ့ (၁၂)မိုင်ခွဲ ကွာဝေးပြီး ရွှေညောင်- ရပ်စောက်သွား ကားလမ်းဘေးက အင်းသားရွာလေး တစ်ရွာပါ။ ရွာအမည်က“ဟဲကယ်ရွာ” လို့ ခေါ်ပြီး အိမ်ခြေ ၁၀၀၀-၂၀၀၀ခန့်ရှိပါတယ်။ ရွာခံအများစုက အင်းသားတွေဖြစ်ပြီး အင်းသားစကားပဲ ပြောကြတယ်။ ကျွန်မ မှတ်မိသလောက်ကတော့ ရွာမှာသီတင်းကျွတ် နီးပြီဆိုရင် ရွာက လူတွေရဲ့ အပ်ထည်တွေကို အမေ လက်မလည်အောင် ချုပ်နေရတာပဲ။ ရွာကလူတွေက သီတင်းကျွတ် မတိုင်ခင် မြို့ပတ်ဈေးတွေမှာ ဈေးတွေ လိုက်ဝယ်ကြ (တောင်ကြီးမြို့ အပါအ၀င် အနီးပတ်ဝန်းကျင်က မြို့ငါးမြို့ဟာငါးရက်တစ်ခါ ဈေးနေ့ကျပါတယ်)။ ဆန်မုန့်တွေ ထောင်းကြ၊ ဆန်လုံးစီ လုပ်ကြနဲ့ လက်မလည်ကြဘူး။ ကျွန်မတို့ ကလေးတွေကတော့ လသာလေလေ ပျော်လေလေပါပဲ။ ကျောင်းလည်း ပိတ်ထားတော့ ညအခါ လသာသာ အောက်မှာ ထုတ်စီးထိုးကြ၊ အမလိုက်တမ်း ကစားကြနဲ့ တခါတလေ အိပ်ဖို့တောင် သတိမရတတ်ကြဘူး။ ညအချိန်မှာ တူတူပုန်းတမ်း ကစားရင် နတ်ဝှက် တတ်တယ်လို့ လူကြီးတွေက ပြောပေမဲ့ နတ်ဝှက်မ၀ှက် သိချင်တာကြောင့် လူကြီးစကားလည်း နားမထောင်ခဲ့ပါဘူး။

ရွာမှ ဘုန်းကြီးကျောင်း (၃)ကျောင်းရှိပါတယ်။ လပြည့်နေ့ မတိုင်ခင်ကတည်းက ရွာနောက်ဘက် ဘုန်းကြီးကျောင်းမှာ ဓာတ်စက်ကြီး ဖွင့်လို့ လူကြီးတွေက ပဌာန်း စရွတ်နေပါပြီ။ နေ့ရော ညရော ပဌာန်းရွတ်သံက တရွာလုံးကို အေးချမ်းစေပါတယ်။ ဘုန်းကြီးကျောင်းနဲ့ ကပ်ရက် ကျွန်မတို့ မှုလတန်းကျောင်းမှာတော့ ဘုန်းကြီးကျောင်း လာတက်သမျှ လူတွေကို ထမင်းကျွေး ပါတယ်။ ၀က်သား ဆီပြန်ဟင်း၊ ငရုတ်သီးခြောက်ကြော်၊ ပဲပြင်းဆေးခါး စတာတွေဟာ အလှူလုပ်တိုင်း ကျွေးနေကျ ဟင်းဖြစ်ပေမဲ့လည်း ရိုးအီသွားတယ်ဆိုတာ မရှိပါဘူး။ (ကုန်ဈေးနှုန်းကြီးတဲ့ ခုခေတ်မှာတော့ ဒါတွေဟာ ပုံပြင် ဖြစ်သွားပါပြီ)။ လပြည့်နေ့ ရောက်ပြီ ဆိုရင် ယောကီ ၀တ်ထားတဲ့ ရွာသူတွေက မနက်အစောကြီးဘုန်းကြီးကျောင်းကို ဆွမ်းပို့ကြတယ်။ အိမ်နီးနားချင်းတွေကလည်း ကင်ပေါင်းကြော်၊ မုန့်နီကြော်နဲ့ တစ်ခြား စားစရာမုန့်တွေ ဝေငှာကြနဲ့ ကျွန်မတို့ ကလေးတစ်သိုက် အပျော်ရွှင်ဆုံး အချိန်တွေပါပဲ။ ကျွန်မ အကြိုက်ဆုံးကတော့ မုန့်နီကြော်ပါ။ ထန်းလျက်ကို ဆန်မုန့်ပျစ်ပျစ်နဲ့ ပွဖောင်းနေအောင် ကြော်ထားပြီး ဆန်လုံးစီပေါ်မှာ တင်ထားပါတယ်။ ထန်းလျက်နံ့မွေးပြီး ချိုအိနေတဲ့ မုန့်နီကိုပဲ ရွေးစားပြီး ဆန်လုံးစီကိုတော့ ကျွန်မ မစားပါဘူး။ (ဆန်လုံးစီဆိုတာ နှီးကြိုးနဲ့ ပုံစံခွက်လုပ်ပြီး ပေါင်းထားတဲ့ ကောက်ညုင်းကို အထူအပါး ညီအောင်လုပ်ပြီး အခြောက်ခံကာ ဆီနဲ့ ပြန်ကြော်စားတာပါ ဗမာလိုတော့ ဘယ်လိုခေါ်တယ် မသိပါဘူး)။

ညရောက်ရင် ကျွန်မတို့ အိမ်ဘေးက ပေါင်ဆွယ် ( အမှန်တော့ ဒေါ်ဆွယ်ပါ။ အင်းသားတွေက လူအိုတွေကိုခေါ်ရင် ရှေ့မှာပေါင်ဆိုတာ ထည့်ထည့်ခေါ်တတ်ကြတယ်။ ဥပမာ ဒေါ်မြဆိုရင် ပေါင်မြ၊ ဒေါ်အေးဆိုရင် ပေါင်အေး... ဘာအဓိပ္ပယ်လည်း ဆိုတာ ခုထိ မသိပေမဲ့၊ ဒီလိုပဲ ခေါ်ဖြစ်နေတုန်းပါပဲ)။ အိမ်မှာ သွားထိုင် နေတတ်တယ်။ လူတွေက ပေါင်ဆွယ်ကို လာကန်တော့ရင် ၀င်ပြီး ကန်တော့လိုက်၊ ဧည့်သည်တွေကို ချကျွေးတဲ့ လက်ဖက်နဲ့ ထန်းလျက်ကို နိုက်စားလိုက်နဲ့ လသာသာအောက်မှာ သူငယ်ချင်းတွေနဲ့ ကစားဖို့ ကျွန်မ မေ့နေတတ်တယ်။

လပြည့်နေ့ လွန်သွားရင်လည်း ရွာက လူတွေက ရွာနီး စပ်ချုပ်မှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေကို လိုက်ကန်တော့ကြတယ်။ ဘယ်နှစ်မိုင်ပဲ ဝေးဝေး လှူစရာပစ္စည်းတွေ ထည့်ပြီး အုပ်စုလိုက် လမ်းလျောက်သွားကြတာ ပျော်စရာပါပဲ။ အင်းသားလိုတော့ ကျောင်းတက်သွားတယ်လို့ ခေါ်ပါတယ်။ သီးတင်းကျွတ် ပြီးရင်တော့ဖြင့် ရွာတောင်ဘက်က ဘယ်သူသားက ရွာမြောက်ဘက်က ဘယ်သူ့သမီးနဲ့ ခိုးရာ လိုက်ပြေးကြပြီ။ ဘယ်သူက ဘယ်နေ့မှာ မင်္ဂလာဆောင်မယ် ဆိုတာတွေကို ကြည်နူးစွာကြားနေရစမြဲပါ။

ကျွန်မ မှတ်မိတဲ့ ကျွန်မရဲ့ငယ်ဘ၀ ရွာက သီတင်းကျွတ် ပွဲတော်ဟာ ဒါတွေပါပဲ။ နောက်ပိုင်း (၈)တန်းရောက်တော့ တောင်ကြီးကို စပြောင်းပြီးနောက် ရွာက သီတင်းကျွတ်ကို သိပ်မပြန်ဖြစ်တော့ပါဘူး။ ပြန်ဖြစ်ရင်လည်း ရွာမှာ ညမအိပ်ဖြစ်တာများပါတယ်။ အခုချိန် ပြန်တမ်းတမိတော့ ဟိုး... ငယ်ငယ်က တူတူ ဆော့ကစားခဲ့တဲ့ သူငယ်ချင်းတွေလည်း ဘယ်ရောက်ကုန်ပြီ မသိတော့ပါဘူး။ ရွာမှာပဲလား.. ၀မ်းစာအတွက် တစ်နယ်တစ်ကျေး ရောက်ကုန်ပြီလား။ ကျွန်မလိုပဲ လေလွင့်နေကြမလား မသိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သီတင်းကျွတ်ရောက်တိုင်း ကျွန်မကတော့ ရွာကို အောက်မေ့ တမ်းတ လွမ်းနေဆဲပါပဲ။

No comments:

Post a Comment