ကျွန်တော်မှာ အချစ်ဆုံး သူငယ်ချင်း
ဆိုပြီး ငယ်သူငယ်ချင်း တစ်ဦးသာ ရှိခဲ့တယ်။ ကျွန်တော်တို့လို သိမ်ငယ်မှုတွေ နဲ့
ကြီးပြင်းလာကြတဲ့ ပေစုတ်စုတ် လူငယ်လေးတွေကို ပေါင်းသင်းချင်သူကလည်း ရှားပါးလှတယ်။
သူရဲ့ အဖေက ကုန်တိုက်တစ်ခုအောက်မှာ အာဖရိကရဲ့ လေပူဒဏ်ကို အံတုပြီး ဖိနပ်ချုပ်တယ်။
ကျွန်တော့် အဖေက ဈေးကြီးတစ်ဈေးရဲ့ လူသူဆူညံမှု နဲ့ အာဖရိက လေပူတွေကို
ရင်ဆိုင်ပြီး ဖိနပ်ချုပ်တယ်။
အာဖရိကရဲ့ အပူဒဏ်ကတော့
နေသားမကျသူ အဖို့ ချက်ချင်း ထွက်ပြေးချင်စရာ။ ဘယ်ကို ကြည့်ကြည့် တလှပ်လှပ်နဲ့
အငွေ့တွေ ကြွတယ်။ တဖွားဖွားနဲ့ သဲတွေ ရွေ့လျားတယ်။ အရပ် ရှစ်မျက်နှာမှာ ဘယ်ကို
ကြည့်ကြည့် လွင်တီးခေါင်ခေါင်မှာ သစ်ပင်ဆိုတာ ရှားတယ်။
အခြေအနေ လှပြီး
ကြွယ်ဝသူတွေကတော့ အခြေကျတဲ့ မြို့ပေါ်မှာ အိမ်ကြီး အိမ်ကောင်းတွေနဲ့ ဆိုပေမဲ့
ကျွန်တော်တို့လို သာမာန် လူတန်းစားတွေ အတွက်တော့ နေပူ ကျဲတဲထဲမှာ ခေါင်းပေါ်
အဝတ်လေး တင်ပြီး စက်ဘီးစီး သွားရတာကိုက အတော်ကို ဟုတ်လှပြီ။
ကျွန်တော့် သူငယ်ချင်းက သူ့မှာလည်း
ခင်စရာ ကျွန်တော် တစ်ယောက်ပဲ ရှိသူ။ သူက စာတော်သော လူတန်းစား မဟုတ်ပေမဲ့
စာလိုက်နိုင်သော လူတန်းစားတော့ ဖြစ်တယ်။ ကျွန်တော်ကတော့ သူ့လောက်တောင်မှ
စာမလိုက်နိုင်။ ကျွန်တော်တို့မှာ ဘယ်သူမှ ကျူရှင် မယူနိုင်ဘဲ ကိုယ်ဒူးကိုပဲ
အချိန်ပြည့် ချွန်ကြရတယ်။ ဒါကြောင့် လမ်းလျှောက်ပြီး ကျွန်တော်တို့
ကျောင်းသွားတတ်ရာမှာ ဘောင်းဘီတိုတွေ အောက်မှာ ကျွန်တော်တို့ ဒူးတွေက
ငေါင်လွန်းလှစွာ. . ။
စာလိုက်နိုင်သော ရစ်ချက်က ကျွန်တော့်
သူငယ်ချင်း ဖြစ်သလို ကျွန်တော့်ကို စာပြန် သင်ပေးရသော “ ကျူရှင် ဆရာ ” လည်း
ဖြစ်တယ်။ ကျွန်တော်တို့ နှစ်ယောက် ကျောင်းသွားတိုင်း ၊ ကျောင်းက ပြန်လာတိုင်း
လမ်းမှာ ကျွန်တော်တို့ ပြောနေကြ တိုင်ပင်နေကြ စကားတွေကတော့ ကျွန်တော်တို့ ဘဝတွေက အမြဲတမ်း
အရိပ်မဲ့သော ကန္တာရ တစ်ခုလို ပူလောင်ပြင်းပြလွန်းတယ် ဆိုသော အလင်္ကာများ။
“ ငါတို့ ဘဝကလည်းကွာ။ အမြဲတမ်း နေပူထဲမှာပဲ
လျှောက်လှမ်း နေရတာပါပဲလား။ သူများတွေလို အရိပ် အာဝါသလေးထဲမှာ ဘယ်တော့များမှ
နေရပါ့မလဲ မသိဘူးကွာ။ ”
“ ဒါကတော့ကွာ. . ငါတို့မှာလည်း အချိန်
မကျသေးလို့ပါ။ ငါတို့လည်း အချိန်ကျလာတဲ့ တစ်နေ့ အရိပ်ထဲမှာ နေရမှာပေါ့ကွာ။ အခုတော့
ငါတို့ဘဝတွေက နေပူထဲမှာပဲ ဆက်ပြီး ဖြတ်သန်းရမှာပဲ။ ”
ဒီလို ကျွန်တော်က ပြောမိရင် သူက အားပေးတယ်။
သူက ပြောမိရင် ကျွန်တော်က အားပေးတယ်။ ဒီလိုနဲ့ သူ့ကျွန်းကို ကိုယ်က မှီပြီး ၊
ကိုယ့်ကိုင်းကို သူက မှီတွယ်ကာ ကျွန်တော်တို့ ကျောင်းသား အဖြစ် ကျင်လည် ကြတယ်။
ကျွန်တော်တို့ အဖေတွေကတော့ တစ်နေကုန် ဖိနပ်ချုပ်ပြီး နေဝင်မှ ပြန်လာကြတယ်။
ကျွန်တော်တို့ အမေတွေကလည်း တစ်နေကုန် နီးရာ အလုပ်ရုံလေးတွေမှာ အချိန်ဆိုင်း
အလုပ်လေးတွေ လုပ်ကြတယ်။ ကျွန်တော်တို့ကို စောင့်ကြည့် ပေးမဲ့သူ မရှိ။
တစ်နေ့တော့ ကျွန်တော်တို့ အတန်းက
ကျောင်းဆရာက အင်္ဂလိပ်လိုလေး တစ်ခု ရွတ်ပြပြီး အဓိပ္ပါယ်ကို ရှင်းပြတယ်။
“
Waiting in the sun to shade. ”
တဲ့။ ဒါထက် မပို။ ဒါပေမဲ့ သူနဲ့
ကျွန်တော့်မှာ အတွေးတွေ အများကြီး ဖြစ်ခဲ့တယ်။ သူကလည်း အိမ်ရောက်တော့ ဒီစာလေးကို
စာရွက်ပေါ်မှာ ကြီးကြီးရေးပြီး သူစာကျက်တဲ့ နံရံမှာ ကပ်ထားတယ်။ သူက ပြောတယ်။
ဒီစာလေးကို အရမ်းကြိုက်တယ် တဲ့။
“ အရိပ်ကို လိုချင်ရင်
နေပူထဲက စောင့်ပါ။ ”
လို့ ဆိုသော ဆရာ့ စကားသံကို ကျွန်တော် ပြန်လည်
ကြားယောင် မိတယ်။ စာသားလေးက အတော် လှပါတယ်။ ဒါပေမဲ့ ကျွန်တော် စိတ်ဝိဉာဉ်ထဲမှာ
လက်ခံလို့ မရ။ အရိပ် ဖြစ်မလာနိုင်သော နေရာတစ်ခုမှာ အရိပ်ကို နေပူထဲက စောင့်နေရင်
နေဝင်သွားလို့သာ နေရောင် ပျောက်သွားမယ် ၊ အရိပ်ကတော့ ဖြစ်လာလိမ့်မည် မဟုတ်။
ပူပြင်း တောက်လောင်နေသော နေပူ
ကျဲကျဲတောက်တောက် ထဲမှာ ထိုင်စောင့်နေရင်း အရိပ်အလာကို စောင့်နေမှာထက် အရိပ်က
အရှေ့ဘက်မှာ ရှိနေလား ၊ အနောက်ဘက်မှာ ရှိနေလား ၊ တောင်ဘက်မှာ ရှိနေမလား ၊ ဘယ်အရပ်
မျက်နှာဘက်မှာ ရှိနေမလဲ။ ဒါကို မြင်အောင်ရှာပြီး အရိပ်ရှိရာကို ခြေတစ်လှမ်း
လှမ်းလိုက်ခြင်းက အရိပ်ကို ထိုင်စောင့်နေသူထက် ပိုပြီး အရိပ်နဲ့ နီးမယ် လို့
ကျွန်တော် အတွေးရခဲ့တယ်။
ဆရာ ရွတ်ပြခဲ့တဲ့ စာကြောင်းလေးက
ကျွန်တော့် သူငယ်ချင်းလို ကျွန်တော် နံရံမှာ ကပ်မထားမိပေမဲ့ ကျွန်တော့် ကိုယ်ပေါ်က
ခပ်နွမ်းနွမ်း အင်္ကျီအိတ်ထဲမှာ အမြဲရှိနေခဲ့တယ်။ သူနဲ့ မတူညီသော အတွေးတွေ
ကျွန်တော့်ကို ပေးတယ်။ မနေနိုင်တဲ့ အဆုံးတစ်နေ့မှာ သူ့ကို ကျွန်တော်
ဖွင့်ပြောမိတယ်။
“ သူငယ်ချင်း အရိပ်ကို လိုချင်ရင် နေပူထဲက
စောင့်ပါ ဆိုတဲ့ စကားကို ငါ ခံစားလို့ မရဘူးကွာ။ အရိပ်ကို လိုချင်ရင်
အရိပ်ရှိရာကို သွားရမှာပေါ့။ ဆာဟာရလို ကန္တာရ ဒေသမှာ အရိပ်ကို ထိုင်စောင့်
နေလို့ကတော့ နေသာ ဝင်သွားမယ် ဘယ်တော့မှ အရိပ်က ဖြစ်လာမှ မဟုတ်ဘူး။ အရိပ်ရှိတဲ့
နေရာကို သွားမှ အရိပ်ရမယ် လို့ ငါကတော့ တွေးမိတယ်။ ”
သူကတော့ တူးတူးခါးခါးပါပဲ ငြင်းတယ်။
“ ဒါက လူတွေရဲ့ တည်ငြိမ်မှု မရှိတာ ၊ သမာဓိ
မရှိတာကို ပြတာပဲ။ ကိုယ်ကသာ ကိုယ့်အလုပ်ကိုယ် ကြိုးစား လုပ်နေမယ် ဆို ဒီနေ့
ပူလောင်နေရပေမဲ့ နောင်တစ်နေ့ အေးမြခြင်းဆိုတဲ့ အရိပ်ကို ရလာမှာပဲ။ ဒါကြောင့် ဒီနေ့
ပူလောင်နေရတာကို လက်ခံပြီး အေးမြလာမဲ့ အရိပ်ကို တည်ငြိမ်စွာ စောင့်နေနိုင်ရမယ်။ ”
“ X X X X X X X X X ”
“ X X X X X X X X X ”
နောက်ထပ် စကား သုံးလေးခွန်း ပြောအပြီး
မှာတော့ သူနဲ့ ကျွန်တော်ဟာ ဘေးချင်း ကပ်နေလျှက်နဲ့ အဝေးဆုံးမှာ ရောက်နေရသလို
အတွေးတွေက ကွဲပြားသွားတယ်။
ဒီနောက်မှာတော့ ကျွန်တော်ကလည်း ကျွန်တော့် ယုံကြည်ချက် အတိုင်း
နေပူထဲမှာ ရပ်စောင့် နေတာထက် အရိပ်ရှိရာကိုသာ တစိုက်မတ်မတ် လိုက်ရှာခဲ့တယ်။ အခု
ကျွန်တော်တတ်နေတဲ့ ကျောင်းက သာမာန်ကျောင်း ၊ ပညာတော်သင် ဘယ်တော့မှ မရနိုင်တဲ့
ကျောင်း ၊ ဒါဆို ပညာတော် သင်ရပြီး အရိပ်ကောင်းလေး ဖြစ်မလာနိုင်ဘူး။ ဒါကြောင့်
ကျွန်တော် ကြိုးစားပြီး ကျောင်းပြောင်းခဲ့တယ်။
နောက်တော့ ကျွန်တော် တက္ကသိုလ် ရောက်တော့
ကျွန်တော် ဒီကျောင်းမှာ ပြီးရင် ဘာဖြစ်မလဲ စဉ်းစားတယ်။ ဘာမှ မဖြစ်နိုင်။ ဒါကြောင့်
ကျွန်တော့်ဆုံးဖြတ်ချက် အတိုင်း ကျောင်းမှ ထွက်ပြီး ကျွန်တော် သင်္ဘော လိုက်ခဲ့တယ်။
နောက်တော့ ၅ နှစ်တာမှာ ကျွန်တော် နိုင်ငံစုံ ရောက်ခဲ့တယ်။ အရိပ်စုံကိုလည်း
တွေ့ခဲ့တယ်။ ဒါကြောင့် ၅ နှစ်တာ စုဆောင်း ထားတာလေးတွေနဲ့ ကျွန်တော်
နိုင်ငံပြောင်းပြီး နိုင်ငံသား အဖြစ် ခံယူခဲ့တယ်။
နိုင်ငံခြားသား အနေအထားကနေ နိုင်ငံသား
ဖြစ်ပေမဲ့ အနှိမ်ခံ ဘဝကနေတော့ ကျွန်တော် မလွတ်သေးပါဘူး။ ကျွန်တော့် ကိုယ်ပေါ်မှာ
နေတွေ ပူနေဆဲ။ ကျွန်တော့်အပေါ် ကျရောက်လာတဲ့ နေပူဒဏ်လို အရာတွေကိုလည်း ဘယ်တော့
အရိပ်များ ကျရောက် လာလေလိမ့်မလဲ လို့ ကျွန်တော် စောင့်မနေခဲ့ ၊ ဘယ်မှာ အရိပ်ရှိမလဲ
ဟုသာ ကျွန်တော် တွေးပြီး အရိပ်ကို ကျွန်တော် ရှာဖွေခဲ့တယ်။ အရိပ်ကို ရှာသူအဖို့
အရိပ်ကို တွေ့ရတာ တကယ်တော့ မဆန်းလှပါ။
ကျွန်တော် အိမ်ခြံမြေပွဲစား အလုပ်လေးနဲ့ နည်းနည်း
တည်ငြိမ်လာတော့ ပညာဆိုသော တင့်တယ်သော အရိပ် ကျွန်တော့်မှာ လိုလာပြန်တယ်။ အရင်က
ရပ်ထားခဲ့တဲ့ ကျောင်းကို ကျွန်တော် ဒီမှာ ဆက်တတ်တယ်။ ကျောင်းပြီးတော့
ကျွန်တော့်မှာ ပိုမိုကြီးမားသော အရိပ်တစ်ခု ရလာတယ်။
သို့သော် သူများ လက်အောက်ခံမှာ လုပ်နေရတဲ့
ပူလောင်မှုက ကျွန်တော့်ကို ခဏခဏ လာရိုက်ခတ်တယ်။ သူများ လက်အောက်က လွတ်စေတဲ့
အေးမြတဲ့ အရိပ်က ဘယ်မှာလဲ ၊ ဘယ်အရာလည်း ကျွန်တော် ရှာကြည့်တော့ ကိုယ်ပိုင်လုပ်ငန်း
လုပ်ဖို့ပဲ အဖြေရတယ်။ ကျွန်တော် အရိပ်ကို နှစ်သက်တယ်။ ဒါကြောင့် ကျွန်တော်
အရိပ်ရှိရာကို လျှောက်ခဲ့ပါတယ် . . ခပ်ရဲရဲပါပဲ။ ကျွန်တော် ကိုယ်ပိုင် အလုပ်လေး
လုပ်ခဲ့တယ် ၊ ကျွန်တော် အောင်မြင်ခဲ့တယ်။
ကျွန်တော်ရဲ့ ကိုယ်ပိုင် အိမ်ခြံမြေ အကျိုးဆောင်
လုပ်ငန်းက အခုဆိုရင် ဒီလောကမှာ အသိုင်းအဝိုင်း ကောင်းတစ်ခု အဖြစ် ရပ်တည်နေခဲ့ပြီ။
ဒီလို အေးမြတဲ့ အရိပ်စစ်တစ်ခု ရလာဖို့ ကျွန်တော် ဘယ်လောက်များ အချိန် ရင်းခဲ့ရလဲ
လို့ ကျွန်တော် ပြန်တွက်ကြည့်တော့ ကျွန်တော် အချိန် ၁၇ နှစ်လုံးလုံး ဒီအရိပ်နောက်ကို
လိုက်ခဲ့တယ်။ ကျွန်တော် ထိုင်စောင့် မနေခဲ့။ အခုတော့ ကျွန်တော်ရဲ့ ကိုယ်ပေါ်မှာ
အေးမြတဲ့ အရိပ်ပေါင်းများစွာ ကျရောက်နေခဲ့ပါပြီ။
တစ်နေ့ ကျွန်တော့် အဖေက ပြောလို့
ကျွန်တော်တို့ မိသားစုလိုက် အာဖရိကသို့ အလည် ပြန်လာတော့ ရောက်ရောက်ချင်းပဲ
ကျွန်တော် ကျွန်တော့်သူငယ်ချင်းကို သတိရတယ်။ အိုဟောင်းနေတဲ့ အတိုင်းပဲ အိမ်လေးကို
အစောင့်အရှောက်နဲ့ မပြုမပြင် အမှတ်တရ ထားတာတဲ့ ကျွန်တော်တို့ အာဖရိက က အိမ်လေးကို
အရောက် အိမ်နီးနားချင်းတွေကို ကျွန်တော့်သူငယ်ချင်း အကြောင်း မေးမိတယ်။
သူတို့ ညွှန်ပြတာက . . . . ဟိုး အဝေးက နေပူထဲမှာ
ဆောက်ထားတဲ့ ကုန်တိုက် တစ်ခုဆီကို။ ဟင်. . . ဒါ . . ဒါ . . . သူ့အဖေ အရင်က
ဖိနပ်ချုပ်တဲ့ ကုန်တိုက်။ ကျွန်တော် ထပ်မေးတော့ အားလုံးက ဖြေတယ်။
“ ဟုတ်တယ်လေ . . သူလည်း သူ့အဖေလိုပဲ
ဖိနပ်ချုပ်နေတယ်။ ”
တဲ့။ ကျွန်တော် ရင်ဆို့သွားတယ်။ မျက်ဝန်းမှာ မျက်ရည်တွေ ဝေ့သီ
လာတယ်။ ကျွန်တော့် သူငယ်ချင်းရှိရာသို့ ကျွန်တော် နေပူထဲမှာ ငယ်ငယ်က လှမ်းခဲ့တဲ့
ခြေလှမ်းမျိုးတွေနဲ့ ကျွန်တော် လှမ်းထွက်ခဲ့တယ်။
ကျွန်တော့် သူငယ်ချင်းနဲ့ တွေ့တော့ သူက
ပြောတယ်။
“ မင်းက ကံကောင်းတယ်ကွာ။ အတူတူ နေလာ ၊ အတူတူ
ကစားလာ ၊ အတူတူ ကျောင်းတတ် လာတာချင်း အတူတူ မင်းက ကြီးပွားသွားတယ်။ ငါ့မှာတော့
အခုချိန်အထိ အေးချမ်းတဲ့ အရိပ်ကတော့ ရောက်မလာ သေးဘူးကွ။ ဒါပေမဲ့ တစ်နေ့တော့
အေးချမ်းတဲ့ အရိပ်လေး ရောက်လာမှာပါ။ ”
လို့ဆိုပြီး ဟိုးငယ်ငယ်က ဆရာ
ရွတ်ပြခဲ့တဲ့ စာသားလေး ရွတ်ပြတယ်။
“ Waiting in the sun to shade. ”
“ အရိပ်ကို လိုချင်ရင် နေပူထဲက
စောင့်ပါ။ ”
တဲ့။ ငြင်းခုန် ပြောဆိုရတော့မဲ့
အချိန်အခါတွေလည်း မဟုတ်တော့ပါ။ ဒါကြောင့် ကျွန်တော် မပြောဖြစ်ခဲ့။ ဒါပေမဲ့
ကျွန်တော် ပြောခွင့်ရမယ် ဆိုရင် ကျွန်တော့် သူငယ်ချင်းကို ပြောခဲ့ချင်တယ်။
“ သူငယ်ချင်း . . . .
အရိပ်ကို လိုချင်လို့ နေပူထဲက စောင့်ပါ ဆိုရင် အရိပ် မကျလာနိုင်တဲ့ နေရာမှာ ဆိုရင်
နေသာ ဝင်သွားမယ် ဘယ်လိုလုပ်ပြီး အရိပ်ရတော့မလဲ။ ငါကတော့ အရိပ်ကို လိုချင်ရင်
အရိပ်ရှိရာကိုပဲ သွားရတယ် လို့ ယူဆမိပါတယ်။ ဒါကြောင့် ငါ အရိပ်ရှိရာကိုပဲ သွားမယ်။
နေဝင်ချိန်ဆိုတဲ့ ဘဝနိဂုံး ချုပ်တော့မှ
ရလာမဲ့ အရိပ်မျိုးကို ငါ မလိုချင်ဘူး သူငယ်ချင်း။ အရိပ်ကို လိုချင်ရင် နေပူထဲမှာ
စောင့်မနေပါနဲ့ ၊ အရိပ်ရှိရာကိုပဲ သွားလိုက်တာ အရိပ်ကို စောင့်နေတာထက် ပိုပြီး
နီးတယ် မဟုတ်လား သူငယ်ချင်း။ ”
ဒါပေမဲ့. . . .
ကျွန်တော် မပြောဖြစ်ခဲ့တော့ပါ။
Source; Best Advice I Ever Had
ကိုဇော် ခံစားတင်ပြသည်။
မှတ်ချက်။ ။ ဆောင်းပါးရှင် ကိုဇော် ကိုကျေးဇူးတင်ပါတယ်ဗျာ....ဘ၀အတွက် တခါတလေ ရှေ့လူကြီးတွေရဲ့ အရိုးစွဲ မှတ်သားစရာလေးတွေက အခြေအနေအချိန်အခါနဲ့ မကိုက်တဲ့ ပတ်ဝန်ကျင်တို့ အနေအထားတို့မှာ ပြောင်းလဲမှုရှိတယ်ဆိုတာ သင်ခန်းစာပေါ့..