Posted by
ကောင်းကင်ပြာ
at
Monday, February 2, 2009
မအားချင်ယောင်၊ ဖျားချင်ယောင်ဆောင်နေသော ကျွန်မကို လွမ်းပြန်ပီ လို့
အပြစ်တင်ရင်လဲ ခံရတော့မှာပါပဲ၊မနေ့က ထဲက တင်မယ့် ပို့စ်ကို ခုမှတင်ရတာပါ၊
မနေ့ ကအိပ်ရာက နိုး ကွန်ပြူတာ ဖွင့်ပြီ ဘလော့ထဲကို ဝင်လိုက်တော့ ကျွန်မရဲ့
မောင်လေး နွယ်ရိုး
က အသစ်တင်ထားတာလေး တွေ့လို့ သွားကြည့်မိပါတယ်၊ သူ တောင်ကြီးကနေ မန္တလေး
သွားပုံကို စာစီရေးထားတာပါ၊ စဖတ်ဖတ်ချင်း မလွမ်းသေးဖူးရှင့်၊ သူစီးလာတဲ့
ကား အောင်ပန်းရောက်၊ အောင်ပန်းကို ကျော်ပြီးး သူရေးလိုက်တဲ့ ရပ်စောက်၊
ရွာငံ လမ်းကနေ ကားက မန္တလေး ကို ဆင်းမယ်ဆိုတာပါပဲ၊ ပြီးတော့ သူက ရွာငံ မှာ
လက်ဖက်ရည် သောက်တောင် နားလိုက်သေးတယ် ဆိုပါတယ်၊ အလွမ်းတွေလာပါပြီ :Dရွာငံ ဆိုတဲ့ မြို့လေးကြောင့်ပါ၊ ကျွန်မ ဇာတိမြို့ မဟုတ်သလို အမြဲတမ်း နေထိုင်တဲ့ မြို့လဲ မဟုတ်ပါဘူး၊ ကျွန်မ တို့ အိမ် ရှိတဲ့မြို့လို့ပြောလို့ ရပါတယ်၊ ကျွန်မ ဖေဖေက ရွာငံမှာ ကော်ဖီ၊ လိမ္မော်၊ လက်ဖက် စိုက်ပျိုးပါတယ်၊ ကျွန်မ အခေါက်ခေါက် အခါခါ ရောက်ခဲ့ရတဲ့မြို့လေး၊ အရမ်းပျော်စရာ ကောင်းပြီး အေးချမ်းတဲ့ မြို့လေးပါ(ကျွန်မ အတွက်ပေါ့)၊ နေကြ တဲ့ လူအများစုကတော့ ဓနု လူမျိုးတွေပါ၊ ဒီမြို့လေးဟာ တောင်ကြီး ၊ မန္တလေး သွားတဲ့လမ်းမှာ ဒုတိယနားတဲ့ မြို့ပေါ့၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် အကုန်ရှိပါတယ်၊ ကျွန်မတို့ အိမ်ကတော့ မန္တလေးဘက် အထွက် ဘုရားရဲ့ တောင်ခြေမှာပါ၊ မနက်မိုးလင်း အိပ်ရာကနိုးတာနဲ့ ဘုရားလှမ်းဖူး လို့ရတဲ့ နေရာလေးပေါ့၊ သူငယ်ချင်း၊ မောင်နှမများ လမ်းကြုံရင် ဝင်လည်ပါလို့ ဖိတ်ခေါ်ပါတယ်၊ ကျွန်မရှိတဲ့ အချိန်ဆိုရင်တော့ ဧည့်ဝတ်ကျေစေရပါမယ်၊ ဒါပေမဲ့ ကျွန်မ ဘယ်တော့ အဲဒီ့မြို့ကို ပြန်ရောက်မယ် ဆိုတာမသိသေးဘူးရှင် :)
ဒီမြို့ဟာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ ဆိုရင် ဘယ်လိုမှ နေလို့ထိုင်လို့ မရအောင် အေးတယ်ရှင်၊ကျွန်မက အအေးကြိုက် တဲ့သူဆိုတော့ ဒီလတွေမှာ ခဏဆိုပြီး လာလိုက်ရင် မပြန်တော့ ပါဘူး၊ မေမေ ဖုံးဆက်ခေါ်မှ သားအဖ နှစ်ယောက်ပြန်ပါတယ်၊ ဒီလ တွေက ချယ်ရီ ပန်းတွေ ပွင့်တဲ့ရာသီပေါ့၊ ကျွန်မ ချယ်ရီပန်း သိပ်ကြိုက်ပါတယ်၊ သူ့ကို ခူးပီးပန်တာထက် အပင်ပေါ်မှာ သူက ပိုလှတာပါ၊ ကျွန်မ ချယ်ရီပန်း ကြိုက်တယ်ဆိုတာနဲ့ မာတီ က သူငယ်ချင်း ကိုထိုက် က မမ ပိတောက်ကိုမေ့မသွားနဲ့ဦးလို့ ပြောဖူးပါတယ်၊ ဟိုနေ့က သူ့ site ကို သွားလည်တော့ မမက ချယ်ရီကို တွေ့ပီး ဘဝမေ့တယ်လို့ ပြောလို့ စိတ်ကောက်ပြီး သူ့ဆီ နှစ်ရက်လောက်မသွားပါဘူး၊ နောက်တော့လဲ မေ့ပြီးပြန် သွားမိတယ်:D ၊ ကျွန်မချယ်ရီကို ကြိုက်သလို ပိတောက်ကိုလဲ မမေ့ပါဘူးရှင်၊၊ ပန်းမပန်တတ်ပေမဲ့ အပင်ပေါ်မှာ ပွင့်နေတဲ့ ပန်း အားလုံးကို ချစ်ပါတယ်၊ အော်..မြို့အကြောင်းရေးတာ ပန်း အကြောင်းရောက် သွားမိပြန်ပီ၊
ပြန်ရေးမယ်နော်:) ဒီမြို့လေးဟာ သေးပေမဲ့ စီးပွားရေး ကောင်းတဲ့ မြို့လို့ပြောလို့ ရပါတယ်၊ ပင်းတယ မှာရောင်းနေတဲ့ လက်ဖက်စို၊ လက်ဖက်ခြောက် တို့ကို ရွာငံ ကပဲ ဝယ်ပြီး ရောင်း ကြတာပါ၊ ပင်းတယ မှာရောင်းလို့ ပင်းတယ လက်ဖက် ဖြစ်သွား တာပါ၊(ကျွန်မ သိသလောက်လေးနော်၊သူများတွေ လျှောက်မပြောရဘူးနော်) ရွာငံ ကော်ဖီလဲ အရမ်းကောင်း တယ်ရှင့်၊ ကျွန်မ ရွာငံမှာဆို ကော်ဖီကို သောက်ခါနီးမှ အမှုန့် ကြိတ်ပြီး ဖျော်သောက်တ်ပါ၊ မနက်စော နှင်းတွေကိုကြည့်ပြီး ကော်ဖီသောက်ရတဲ့ အရသာဟာ အဲဒီအချိန်မှာ ဘာနဲ့မှ မလဲနိုင် ဘူးရှင်၊ နောက်တခု ကျွန်မကြိုက်တာက နှင်းတွေကြားမှာ ဆိုင်ကယ် စီးရတဲ့ အရသာပါ၊ ကျွန်မ ကားကို ကျွမ်းကျင်စွာ မောင်းတတ်ပေမဲ့ ဆိုင်ကယ် ကိုမကျွမ်းကျင်ပါဘူး၊ ရွာငံလမ်းက ကျဉ်းကျဉ်းလေးတွေပါ၊ မြို့ထဲသွား ဘာသွားဆို ကားနဲ့ဆို ကွေ့ရ ပြုရ ခက်လို့ ဆိုင်ကယ် ကိုပဲ အဓိက အားထားရတာပါ၊ အတက်အဆင်း များတဲ့ ရွာငံ မြို့ထဲမှာ ကျွန်မ ခဏခဏ ဆိုင်ကယ် လဲပါတယ်၊ကြီးကြီးမားမား တော့မခိုက်မိဘူး၊ သေးသေး မွှားမွှား ဒဏ်ရာတွေနဲ့ပေါ့၊ ဒါပေမဲ့ နှင်းတောထဲမှာ လေအေးထဲမှာ ဆိုင်ကယ်စီးချင်တဲ့ ကျွန်မ လက်တွေ၊ ခြေထောက်တွေ ၊မျက်နှာရယ် ဘယ်လောက်ပဲ အေး၊ ထုံ၊ ကျင် နေပါစေ ၊ ဖေဖေ ဘယ်လိုပြောပြော ကျွန်မ ရအောင်စီးပါတယ်၊ (အဲဒါကြောင့်သမီးဆိုးလေးလို့ ခေါ်တာထင်တယ်)
၅ရက် တဈေး မြို့လေးဖြစ်တဲ့ အတွက် ဈေးနေ့ဆို အရမ်း စည်ပါတယ်၊ အဲဒီနေ့ဆို ကျွန်မ ဈေးအရင် မဝယ်သေးပဲ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ တို့ဟူးကြော်၊ ငါးထမင်းနယ် နဲနဲစီ အကုန် စုံအောင် စားပြီး လက်ဖက်ရည် သောက်ပါတယ်၊ ဗိုက်ပြည့်မှ ဈေးဝယ်ပါတယ်၊ အဲဒီမှာ အသားပေါပေမဲ့ ငါးရှားတယ်ရှင့်၊ ငါး မကြိုက်တဲ့ ကျွန်မ အတွက်တော့ အိုကေ ပေါ့၊ ဈေးဝယ်ပြီး ကိုယ်တိုင် ချက်လားဆိုတော့ မဟုတ်ပါဘူး(မချက်တတ်လို့) ဓနု မလေးတွေ လာချက်ပေးပါတယ်၊ ခြံမှာ အလုပ်လုပ်တဲ့ ကောင်မလေးတွေပါ၊ အလုပ်လာရင်း ချက်ပေးတာပါ၊ ပီးရင် သူတို့နဲ့ အတူတူ ကျွန်မ ထမင်းစားပါတယ်၊ သူတို့အားလုံးရဲ့ ထမင်းချိုင့်ထဲမှာ ပဲပုပ် ကလွဲလို့ ဘာမှမပါပါဘူး၊ ခုနချက်တဲ့ဟင်း ကို ဖေဖေ့ အတွက်ခွဲပြီး အကုန်လုံးဝိုင်းစား ကြတာပါ၊ သူတို့နဲ့ တူတူ စားရတဲ့ ထမင်းဝိုင်းလေးက ကျွန်မ အတွက် မပြည့်စုံပေမဲ့ ပျော်စရာ ထမင်းဝိုင်းလေးပါ၊
ညနေရောက်ပီဆို အအေဓာတ်က ပိုကဲလာပြီး ကျွန်မကို စာအုပ်တစ်အုပ်နဲ့ အနားယူစေတဲ့မြို့လေးပါ၊ အဲ.. ဒါ့အပြင် လောင်းကစားမြို့ လို့လဲခေါ်လို့ရတယ်ရှင့်၊ လေးကောင်ဂျင်၊ ၃၆ကောင်၊ ဂလုံဂလုံ၊ ချဲထီ၊ ဘောလုံး၊ အားလုံး ပေါ်ပေါ်ထင်ထင် ကစားနေတာလဲ တွေ့ရတယ်ရှင့်၊ ဘာလို့ဆိုတာတော့ ကျွန်မမသိဘူးနော်၊ ဒါပေမဲ့ ထူးဆန်းတာ ကအဲဒီမြို့မှာ နှစ်လုံးထီ ဆိုတာမရှိပါဘူးရှင်၊ ထိုးတဲ့သူ မရှိသလို ရောင်းတဲ့ သူလဲ မရှိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီမြို့လေးဟာ ခေတ်နဲ့အညီ တိုးတက်နေပြီး လမ်းပန်းဆက်သွယ်ရေးလဲ ပိုမိုကောင်းမွန် လာပါပြီ၊ မီးဆိုလဲအမြဲတမ်းလာပါတယ်၊ ဘာနဲ့ပေးလဲ တော့ ကျွန်မ မသိဘူးရှင့်၊ ဖုံးဆိုလဲ IPstar ဖုံးသုံးပါတယ်၊ တခါတလေ မိုးဆက်တိုက်ရွာမှသာ မီးရော၊ဖုံးရော ပျက်တယ်ရှင့်၊
ရေးမယ်ဆိုရင်တော့ ဒီမြို့အကြောင်းး ရေးစရာတွေ အများ ကြီးပါ၊ အခု ကျွန်မစိတ်ထဲ မှတ်မိသလောက်၊ အတွေးထဲ ရောက်လာသလောက် ရေးမိ၊ လွမ်းမိ တာပါ၊ဒီစာထဲမှာ ဒီမြို့လေး အကြောင်း အမှားများပါခဲ့ရင် ကျွန်မရဲ့ အမှားလို့ မှတ်ပေးပါနော်၊ နွယ်ရိုးရဲ့ ပို့စ်လေးကိုဖတ်ပြီး လွမ်းလို့ ရေးလိုက် ရတဲ့ ရွာငံ မြို့လေးရဲ့ တစိတ်တဒေသ အကြောင်းလေးပါ၊ ကျွန်မ ချစ်တဲ့ အမိမြေ နဲ့ ဝေးနေတဲ့ အချိန်မှာ လွမ်းတာတွေ အားလုံးဟာ(အချစ်မပါဘူးနော်) အမိမြေမှာပဲ ရှိနေ၊ ကျန်နေ ခဲ့တဲ့အတွက် ခဏခဏ လွမ်းမိနေရင် ခွင့်လွှတ်ပေးကြပါနာ်၊ ကျွန်မ ရဲ့ အလွမ်းတွေကို ချပြစရာ ဒီတနေရာပဲ ရှိလို့ပါရှင်၊
နွယ်ရိုး ကြောင့် ရွာငံ ကို လွမ်းရသည်၊
ပြောဖို့ ကျန်နေတာက :)
ကျွန်မကို မာတီ ကသူငယ်ချင်း၊ မောင်နှမတွေက ခေါ်တာ " အလွမ်းမင်းသမီး" ပါရှင်၊ အဲဒါ....ကောင်းကင်ပြာ ဆိုတဲ့ ပို့စ်မှာ မေ့ခဲ့လို့ ဒီမှာပဲ ထည့်ရေး လိုက်ပါတယ်ရှင်၊
No comments:
Post a Comment