ကျွန်တော်ခေါ်တာက
အဖွား ၊ အရပ် က ခေါ်တော့ အမေခြုံ ။ ပြောမယုံ ကြုံမှ သိမယ် ။ ၁၉၉၅ မှာ အဖွား တစ်ရာ့
နဲ့ ၅ နှစ်ရှိပြီ ။
အဖွားအဖေကထန်းသမား ထန်းတဲဘေး က
စံပါယ်ရုံဘေးမှာမွေးလို့ အဖွားကို ပန်းခြုံ လို့ နာမည်ပေးသတဲ့ ။
အဖွားလို့ ခေါ် ပေမဲ့ ကျွန်တော်နဲ့
သွေးသားရယ်လို့တော့ မတော်ဘူးပေါ့ ။ အိမ်ဘေးမှာနေ တော့ သွေးသားရင်းမခြား
အဖွားတော်ထားတယ် ။
အသက်က တစ်ရာ့ ငါး
ဆိုပေမဲ့ သားထောက်သမီးခံ မရှိတော့ ကိုယ့်အားကိုယ်ကိုးတယ် ။ မျက်လုံး
လည်းကောင်းသေးတယ် ။
တောင်ဝှေးလေးတစ်ချောင်းထောက် ၊
ရွားရိုး ကိုးပေါက် သူမရောက်တဲ့နေရာအတော်ရှာရမယ် ။
ပုံးတစ်လုံးကိုဆွဲလို့
နွားချေးလည်ကောက်တယ် ။ ကုသိုလ်လည်းရပိုက်ဆံရပေါ့ ။ မိုးတွင်းဆိုရွာပြင်ထွက်
ဒေါင်းဒလိတ်ရွက် ၊ ပရန္နဝါရွက် ၊
ဟင်းသုံးဆင့်ရွက် ဆူးပုတ်ရွက် ၊
မန်ကျည်းနဲ့ ကင်းပုံ အစုံသူခူးတယ် ။
ခူးသမျှအရွက် စုံ
အိတ်ထောင်မှာ ပုံလို့ထည့် သူ့ခေါင်းမှာရွက် လို့ အမေခြုံ
ဈေးရောင်းထွက်တယ် ။ဆန်လတ် နဲ့ ဆန်ကွဲ ရသမျှသူလဲတယ် ။တခါတခါ ဆန်ကောင်းလေး
တစ်လယ်မယ် (နို့ဆီဗူးတစ်ဗူး) ရရင် ဘုန်းကြီးတွေ ဆွမ်းကပ်လို့ သူ့
မျက်နှာသိပ်ကျေနပ်နေရှာတယ် ။
မနက်မိုးလင်းရင်
အမေ့ခြုံကြေးစည်သံ တစ်ရပ်လုံး ညံလို့ပေါ့ ။ ရွာဦးကအုံးမောင်းတောင် သူ့လောက်
အချိန်မမှန်ဘူး ။
အိမ်ဘေးကလမ်းကလေး
တမြက်စည်းအမြဲလှည်းပေးတက်တယ် ။ သံဃာတွေ ဆွမ်းခံကြွရင် ဖုန်းမထအောင် လို့ တဲ့ ။
ရွာထဲက လမ်းတွေ တစ်လျှောက်တွေ့သမျှ အမှိုက်သူကောက်တယ် ။
တလင်းလက်ကျန် တွေလိုက်ရှင်း ရင်း
ရလာတဲ့ အသီးနှံအဖျင်းလေးတွေကို ငှက်ကလေးတွေအစာကျွေးတယ် ။ ဘုန်းကြီးကျောင်း ၊
ဘုရားဝိုင်း နေ့ တိုင်း သူ မြက် နှုတ် တယ် ၊ဘုရားတိုက်ပတ်ချာလည်
ပန်းပင်တွေလိုက်စိုက်တယ် ။ ဆရာတော် တွေရဲ့ ကုဋေ အမြဲ တစေ ရေးဆေးပေးတယ် ။
မိုးလင်းကမိုးချုပ် တကုတ်ကုတ် နဲ့ အလုပ်တခုခုတော့ သူလုပ်နေတက်တယ် ။ သူ့
အိမ်အတွက်ရေခပ်ပေးရင် ကျွန်တော့်ကိုဆုတွေလည်း တစ်သီကြီးပေးတယ်သေးတယ် ။ညဘက်ညဘက်
ပုံတိုပက်စတွေလည်းပြောပြတက်သေးတယ် ။ ငါ့မြေး လူ တစ်ယောက်ကောင်းမကောင်း
အလောင်းမြေကျတဲ့ခါသိလိမ့်မယ်လို့ ပြောတက်သေးတယ် ။
ကျွန်တော်က ငယ်ငယ် အဖွားစကားတွေ ကို
နားမလည်ခဲ့ဘူးပေါ့ဗျာ ။
အမေခြုံ စာမတက်ပါဘူး
။ သူ့မွေးသက္ကရာဇ်တောင်သူမသိရှာ ။ ဆုတောင်းပြည့်ဘုရားကြီးပြင်တဲ့ နှစ်
မှာမွေးတာလို့ ပဲပြောတက်တယ် ။ သူမှာဥစ္စာရယ်လို့လည်း မရှိရှာပါဘူး ။သူဆုံးတော့
ကျန်ရစ်တာ လုံချည်စုတ် ၃ ထည် ၊ အင်းကျီ ၂ ထည် ၊ သဘက်တစ်ထည် ၊ ကြေးစည်တစ်ခု ၊
တောင်ဝှေးတစ်ချောင်း ၊မြေအိုး ၂ လုံး ၊ ပန်းကန်ပြားတစ်ချပ် ။ သူ့ အိမ်ဆိုတာက
ထန်းရွက်မိုးထန်းရွက် ကာ ။
အုတ် ၊ သစ် ဆိုတာဝေလာဝေး ၊
ဝါးကြမ်းကလေးတောင် မရှိ ရှာဘူး ။ သူ့အလောင်းမြေ ကျဖို့ အခေါင်းလုပ်တော့ ပျဉ်ဆိုတာ
ဘယ်မှာမှ ရှာမရခဲ့ဘူး ။အိမ်ထန်းပင်ကထွက်တဲ့ ထန်းလက်ပြားလေးတွေထုတ် ခေါင်း
လုပ်ပေးလိုက်ရတယ် ။ ရင်ထဲမှာ တော့ တော်တော် မကောင်းဘူး ။
လူ့ဘဝမှာ
ဘယ်အရာတွေက အဓိကကျသလဲ ။ ပညာ တွေလား ၊ ဥစ္စာတွေလား ၊ ထည်ဝါခမ်းနားမှု ၊ ဂုဏ်ပကာန
တွေလား ။ အဲဒီပေတံ နဲ့ တိုင်းတာခဲ့ ရင်တော့ အမေခြုံ
တစ်ရာ့ငါးနှစ်လုံးအသက်ရှည်ပေမဲ့ လူလုံးမလှခဲ့ဘူး ။
ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်အတွက်
လူသုံးကျ တစ်ယောက်တော့ အသေအချာ ဖြစ်ခဲ့တယ် ။ ပိုနေရင်သာမသိသာတယ် ၊
လိုနေရင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ
လစ်ဟာသွားသလို ပဲ ဆိုတာ အသုံးကျတဲ့လူတစ်ယောက်ဆုံး ရှုံးဖူးမှ
ကျွန်တော်ကောင်းကောင်းသိလိုက်ရတယ် ။ ရွာ ကို အလည်ရောက်လို့ အိမ်ပေါက် က လမ်းပေါ်မှာ
လွင့် နေတဲ့ အမှိုက်တွေတွေ့ရင် အမေခြုံကိုသတိရမိတယ် ။ ဘုရားတိုက်တွေကြား
မြက်တွေသောသောထနေတာမြင်ရင်လည်း အမေ့ ခြုံကိုသတိရတယ် ။
ကားစီးနိုင်တဲ့ သူဌေးကြီးတွေ
အလှုပေးတာမြင်ရင် အမေ့ခြုံကိုသတိရတယ် ။ အင်တာနက်ပေါ်က ပညာတက်တွေက လူတွေကို
သိပ်ချစ်ပြရင်အမေခြုံ ကို သိပ် သတိရတယ် ။အမေ့ ခြုံ အသုဘ မှာ မြင်ခဲ့ ရတဲ့
မြင်းကွင်းလေး ကို ကျွန်တော် ပြေးပြေးမြင်မိတယ် ။ ခပ်ကျဲကျဲ ထန်းလက်ပြားခေါင်း ထဲ
မှာ အဝတ်ဟောင်းလေး တွေဝတ်ပြီး အဖွား အိပ်နေ သလို ပါ ပဲ ။
လူတစ်ယောက်ကောင်းကောင်း မကောင်း
အလောင်းမြေကျတဲ့ခါ သိလိမ့်မယ် ....ဆိုတဲ့စကား ကျွန်တော်နားလည်သွားပြီ ။
အဖွားရယ်
" ထန်းလက်ပြားခေါင်းပေ မဲ့ အဖွား အလောင်း လှခဲ့တယ် " ....။
by ရုပ် ဆိုး on Saturday, 10 March 2012 at 02:13
No comments:
Post a Comment